LOAD HTAR PAR

Tuesday, February 21, 2012

ညီမလေးက ပိုက်ဆံကို ကိုးကွယ်သတဲ့လား

Oh! You come to my blog. Welcome....

အခု သတင်းလေးကတော့ ဒီလိုပါ။  အမှု့က အိမ်လိုချင်တဲ့အတွက် ကူလီကူမာလုပ်ပြီး ကွာရှင်းပြတ်စဲတဲ့ မိန်းမပျိုလေးရဲ့ အမှု့ပါ။  ဒီအမှု့အတွက် တရုတ်ပြည်ရဲ့ အမြင့်ဆုံးသော တရားစီရင်မှု့လွှတ်တော်ရဲ့ အမိန့်ချမှတ်မှု့ကတော့ အိမ်ကို မူလပိုင်ရှင်(ခင်ပွန်း) သည်သာလျှင် ပိုင်ဆိုင်ရမယ်ဆိုပြီးတော့ဖြစ်ပါတယ်။  ဒါဟာ ပိုက်ဆံကို ကိုးကွယ်နေတဲ့ (worshiping money) ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ဟန့်တားတဲ့ သဓကတစ်ခုပါတဲ့။
          ဟူကျားချူး လို့ခေါ်တဲ့ ရှေ့နေကနေတော့ “ဒါဟာ လူငယ်လူရွယ်တွေ၊ အထူးသဖြင့် ငယ်ရွယ်တဲ့ မိန်းကလေးတွေကို မိမိခြေထောက်အပေါ် မိမိ ရပ်တည်စေရန်နှင့် လက်ထပ်ခြင်းဆိုတာ ပိုက်ဆံကို လိုချင်လို့ လက်ထပ်တာမဟုတ်ဘဲ မှန်ကန်တဲ့ အိမ်ထောင်ရေးမျိုးအတွက်သာ ဖြစ်သင့်တယ်ဆိုတဲ့ အသိတရား ၀င်လာအောင် လမ်းပြပေးတာလို့ မျှော်လင့်ပါတယ်” လို့ ဗြိတိန်နိုင်ငံက နေ့စဉ် သတင်းစာ (Daily Telegraph) ကို ပြောပြသွားပါတယ်။
          ဘေကျင်းအခြေစိုက် အောင်သွယ်တော် အကျိုးဆောင် လုပ်ငန်းရဲ့ အကြံပေး ၀မ်ကျီဂို ဆိုသူကတော့ အခုလောလောဆယ် နှစ်တွေမှာ ငယ်ရွယ်တဲ့မိန်းကလေးတွေဟာ အချစ်ဆိုတာထက် ငွေကို ပိုမိုပြီးတော့ တန်ဖိုးထားလာတာကို တွေ့ရပါတယ်တဲ့။
“ငယ်ရွယ်တဲ့ မိန်းကလေးတွေဟာ ချမ်းသာတဲ့ သူတွေကို ပိုပြီး ပိုပြီးတော့ လက်ထပ်လိုကြပြီး သူတို့ရဲ့ ငွေကြေးအခြေအနေကို မြှင့်တင်လိုကြပါတယ်တဲ့။  ဒါဟာ အလွန်ကို ထင်မြင်သာတဲ့ တိုးပွားလာမှု့တစ်ရပ်ပါ” ၀မ်က ထပ်လောင်းပြောကြားပါသေးတယ်။  “ချောမောလှပတဲ့ မိန်းမပျိုလေးတွေဟာ သူတို့ရဲ့ အလှကို ငွေနဲ့ လဲလှယ်လိုကြတာကို တွေ့တွေ့နေကြရပါတယ်။  ဒါဟာ မဖြစ်သင်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး ခုတော့ အစိုးရပိုင်းက ဒီအခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားလာပါပြီ” လို့ သုံးသပ်ပြသွားပါတယ်။
          ဒါလေးကို ဖတ်မိတော့ စာရေး ဆရာမ - မိုးမိုး အင်းလျှားရဲ့ “ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား” ရဲ့ ခေါင်းစဉ်ကို သတိရမိလို့ ဒီပိုစ်ရဲ့ နာမည်လေးကို ပေးဖြစ်လိုက်တာပါ။  တရုတ်ပြည်ဆိုတာက အရင်တုန်းက ကွန်မြူနစ် စနစ်ကျင့်သုံးပြီး မော်စီတုန်းအလွန် တိန့်ရှောင်ဖိန်နောက်ပိုင်း စီးပွားရေးပြုပြင်ပြောင်လဲမှု့များနဲ့အတူ စီးပွားရေး တဟုန်ထိုးတိုးတက်လာတဲ့ တိုင်းပြည်ဆိုတာ လူတိုင်းသိကြမှာပါ။  ကွန်မြူနစ်စနစ်တုန်းက ကွန်မြူနစ် အယူအဆသာလျှင် ကိုးကွယ်ရာလို့ ဆိုပြီး အယူဝါဒတွေကို သုတ်သင်ခဲ့ကြတာကို သမိုင်းတွေထဲမှာ ဖတ်ဖူးကြမှာပါ။  ရလဒ်ကတော့ တရုတ်ပြည်မှာ လွတ်လပ်စွာတွေးခေါ်သူ(Free thinker) လို့ခေါ်တဲ့ ဘာသာမဲ့အရေအတွက်က လွှမ်းမိုးနေပါတယ်။  ရိုးရာ မိဘ၊ဘိုးဘွားတွေကို နှစ်စဉ်ကန်တော့တာကတော့ အချို့ပြည်နယ်တွေမှာ တွေ့ရမှာပေါ့လေ။  ဒါပေမယ့် ဒါတွေက ကွန်မြူနစ် စနစ်စတင်တည်ထောင်တုန်းကတည်းက တိမ်ကောအောင် စီမံခဲ့တော့ သိပ်မတွင်ကျယ်လှတော့ဘူး။
          အဲ့ဒီတော့ တရုတ်တွေ ဘာကို ကိုးကွယ်ပါသလဲ။  ကျွန်တော် တရုတ်တော်တော်များများကို မေးကြည့်တယ် မင်းတို့ ဘာကို ကိုးကွယ်သလဲ လို့။  တော်တော်များများက ရယ်ပြီးပြန်ဖြေကြတယ်။  သူတို့ရဲ့ အဖြေက “ငွေ”တဲ့။  ဒီတော့ ဘာသာတရားရဲ့ သွန်သင်ဆုံးမမှု့ကြောင့် ကောင်းသည်၊ ဆိုးသည်ကို မခွဲခြားတတ်ကြတော့ပါဘူး။ ဥပဒေဆိုတာက တရားစီရင်ရေးအတွက်သာဖြစ်ပြီး ပြည်သူတွေရဲ့ ရင်ထဲမှာ မှန်ကန်လေးနက်တဲ့ အကျင့်စာရိတ္တကို တည်ဆောက်ပေးမယ့် ရေသောက်ဖြစ်တစ်ခုအဖြစ်တော့ ကျွန်တော်က မမြင်ပါဘူး။  ဒီတော့ ငွေသာလျှင် ကိုးကွယ်ရာ၊ ငွေသာလျှင် အရေးအကြီးဆုံးလို့ မြင်လာကြတော့တာပါဘဲ။ 
          ဒီတော့ ငွေရဖို့သာလျှင် ပဓာနဖြစ်ပြီး ကျန်တာတွေကတော့ သိပ်ခေါင်းထဲထည့်စရာမလိုပါဘူး။  ကိုယ်ချင်းစာနာမှု့ အပိုင်းတွေကျဆင်းလာတာကတော့ ကလေးနို့မှုန့်တွေထဲ မဲလ်လမင်းပါတာတွေ၊ ကြက်ဥအတုတွေထွက်လာတာတွေက သာဓကပါဘဲ။  ဘယ်သူသေသေ ငတေမာရင်ပြီးရောဟာ သူတို့ အတွက် သိပ်အထူးအဆန်းမဟုတ်တော့ပါဘူး။
          နောက်တစ်ခုက တစ်ရုတ်ပြည်ရဲ့ လူတန်းစားကွာခြားချက်လည်း ပါဝင်ပါလမ့်မယ်။  ကျွန်တော်တွေ့ရသလောက် အောက်ခြေလူတန်းစားတွေဟာ တစ်လကို ယွမ် ၁၂၀၀ ကနေ ၂၀၀၀ ကြားနဲ့ နေထိုင်ကြတာပါ။  ဒါဟာ မြန်မာငွေနဲ့ဆိုရင် ၂ သိန်းဝန်းကျင်လောက်ထားတွက်ကြည့်လိုက်ပါ။  လူနေမှု စရိတ်က ကြီးမြင့်တော့ မိသားစုတစ်စုမှာ တစ်ယောက်ထဲ အလုပ်လုပ်ရင် အိမ်ထောင်စု အသုံးစရိတ်ကို ကာမိဖို့ မလွယ်လှပါဘူး။  ဒီတော့ လင်ရော၊ မယားရော အလုပ်လုပ်ကြရပါတယ်။ ကလေးတွေကတော့ တက္ကသိုလ်ရောက်တာနဲ့ အချိန်ပိုင်းအလုပ်လုပ်ပြီးတော့ မိမိခြေထောက်ပေါ်မိမိ ရပ်တည်ကြရပါတယ်။ အဲ့ဒီမှတင် စတင် ပျက်စီးကြတော့တာပါဘဲ။  မိဘအုပ်ထိန်းမှု့မရှိတော့ မိဘက တစ်မြို့ သားသမီးတွေက တစ်မြို့၊ တစ်ရုတ်နှစ်သစ်ကူးရက်လောက်မှ ပြန်ဆုံ။ ပြီရင် တစ်နယ်စီ ပြန်ပြီး အလုပ်လုပ်ကြ၊ လေ့လွင့်တဲ့လူကလွင့်၊ တိုးတက်တဲ့လူက တိုးတက် ဒီလိုပေါ့။
          ဒါကတော့ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ ဘ၀ ရည်မှန်းချက်အပေါ်မူတည်ပါလိမ့်မယ်။  ဘယ်တော့မှ အခွင့်အရေးဆိုတာက ဟပ်ချလောင်းကို ကောင်းကင်က ကျလာတာမဟုတ်သလို၊ ငှက်ပျောသီး အခွံနွှာစားတာလောက်တော့ ဘယ်လွယ်လိမ့်မလဲ။  အဓိကအချက်က ဘယ်လောက်အထိ လောကဓံကို တောင့်ခံနိုင်သလဲဆိုတာပါဘဲ။ တစ်နေ့ကျရင်တော့ သင် မလွဲမသွေ အနိုင်ရမှာပါ။
          ဒီတော့ ဖြစ်သလိုနေသွားရင်တော့ နေသလိုဘဲ ဖြစ်နေမှာပါဘဲ။  ဘ၀ဆိုတာက သင့်လက်ထဲမှာပါ။   မိဝေးဖဝေးရောက်နေတဲ့ ရွှေပြည်ကြီးက မမလေးများလဲ မမလေးတို့ နိုင်ငံခြားထွက်လာတုန်းက ဘာဖြစ်ချင်လို့ထွက်လာတာလဲရယ် အခု ဘာတွေလုပ်နေသလဲဆိုတာလေးရယ် နဲနဲလေး ပြန်ချိန်ဆကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

No comments:

Post a Comment