LOAD HTAR PAR

Monday, February 20, 2012

ယုံချင်ယုံ မယုံချင်နေ စင်္ကာပူ ဖုန်းရွှေ ပုံပြင်များ

Oh! You come to my blog. Welcome....

          ဒီအကြောင်းလေးကတော့ စင်္ကာပူက လူတစ်ယောက်နဲ့ စကားစပ်မိလို့ ပြောရင်း ဒီအကြောင်းလေးကို စိတ်ဝင်စားတာနဲ့ သူပြောတာလေးရော အင်တာနက်ထဲမှာရော ရှာဖွေရင်းနဲ့ ရေးဖြစ်သွားတာပါ။  မြန်မာပြည်မှာလည်း ဗေဒင် လက္ခဏာကို ယုံကြည်တဲ့လူများရှိသလို စင်္ကာပူမှာလည်း ဖုန်းရွှေ ပညာရပ်ကို ယုံကြည်ကြသူများလည်း ရှိပါတယ်။  ဒီအထဲမှာတော့ ထူးထူးခြားခြား အချိန်အခါနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတာကြောင့် စိတ်ဝင်စားသော သူများအတွက် ဒီပိုစ့်ကိုတင်လိုက်ပါတယ်။  ယုံချင်ယုံ မယုံချင်နေ ဆိုတဲ့အတိုင်း ယုံချင်မှယုံ မယုံချင်လည်း နေကြပါခင်ဗျား။











စင်္ကာပူ တစ်ဒေါ်လာတန် အကြွေစေ့ဟာ ဘာဖြစ်လို့ ထောင့် ၈ ထောင့် ဖြစ်နေရတာလည်း
          ဒါကတော့ တရုတ်လို အသံထွက် ပါ့ကွား (ပါ့ဆိုတာက ၈ ကိုပြောတာပါ။  ကွားဆိုတာက ထောင့်လို့ထင်တာဘဲ)  အဲ့ဒီလို ဂမ္ဘီရ နည်းကို ယူထားတယ်လို့ ဆိုပါတယ်။  ဖုန်းရွှေနဲ့လည်း စပ်ဆက်ပါသတဲ့။  စင်္ကာပူမှာ မြေရထားလမ်းတွေဖောက်တော့ ဖုန်းရွှေပညာရှင် အဒေါ်ကြီးက ဒါဟာ စင်္ကာပူအတွက်၊ နိုင်ငံသားတွေ အတွက် အတိတ်နမိတ်မကောင်းဘူးလို့ ဆိုပါတယ်။  ဒါကို ယတြာချေတဲ့ အနေနဲ့ ထောင့် ၈ ထောင့် ပါဝင်တဲ့ ပါ့ကွား တွေကို အိမ်တိုင်း အိမ်တိုင်းမှာ ထားရမယ်လို့ ဆိုပါတယ်။  သိတဲ့အတိုင်း စင်္ကာပူမှာက လူမျိုးစုံဆိုတော့ ဒီလိုမျိုး ဒီလိုအယုံအကြည်မျိုးရှိချင်မှလည်း ရှိမှာကိုး။  ဒါနဲ့ပဲ ထောင့် ၈ ထောင့် ပါတဲ့ စင်္ကာပူ တစ်ဒေါ်လာတန်တွေကို နိုင်ငံတစ်ဝှမ်းဖြန့်ချီတယ်လို့ဆိုပါတယ်။  ဒါ့အပြင် လီကွမ်းယုကြီးကို ဖုန်းရွှေဆရာကြီးတစ်ယောက်က စင်္ကာပူရဲ့ အိမ်တိုင်း အိမ်တိုင်းမှာ ဒီထောင့် ၈ထောင့် သင်္ကေတ ရှိနေသ၍ ဘဘကြီးလီရဲ့ အာဏာစက်ဟာ စင်္ကာပူ အ၀ှမ်း လွှမ်းနေမယ်လို့ ဟောကိန်းထုတ်ပါသတဲ့။  ဒီလိုနဲ့ပဲ စင်္ကာပူ တစ်ကျပ်တန် ဒေါ်လာစေ့ဟာ ဒေါင့် ၈ ဒေါင့် ဖြစ်နေရပါသတဲ့။






၁၉၉၇မတိုင်ခင်နှင့် နောက်ပိုင်း တစ်ဒေါ်လာ အကြွေစေ့များ
          လူတွေ သိပ်ပြီးတော့ သတိမထားမိတဲ့ အချက်တစ်ချက်ရှိပါသေးတယ်။ ဒါကတော့ တစ်ဒေါ်လာတန် အကြွေစေ့တွေမှာ ၁၉၉၇ နောက်ပိုင်းထုတ်တွေနဲ့ ၁၉၉၇ မတိုင်ခင်က အကြွေစေ့တွေရဲ့ ခြားနားချက်ပါ။  သိကြတဲ့ အတိုင်း ၁၉၉၇ မှာ စီးပွားပျက်ကပ်ကို စင်ကာပူဟာ အလူးအလဲ ခံခဲ့ရပါသေးတယ်။  ဒါနဲ့ ဖုန်းရွှေဆရာကြီးက ဘဘကြီး လီကို အကြံပေးပါသတဲ့။  ဒါကတော့ “ဟော့ဒီမှာ ကြည့်စမ်း နိုင်ငံသားတွေ ငိုမယ့်မယ့်ဖြစ်နေတာမပြောနဲ့ တစ်ကျပ်တန် အကြွေစေ့တောင် ငိုနေပြီ…. ပိုက်ဆံတွေကို ပြုံးပြုံးလေးဖြစ်အောင် ပြောင်းပစ်ရမယ်” လို့ဆိုလေသတဲ့။


အဲ့လိုနဲ့ ၁၉၉၇ နောက်ပိုင်းထုတ်တဲ့ ၁ ကျပ်စေ့ကလေးတွေက ဟောဒီလို ဖြစ်သွားရောတဲ့ကွယ်….


         
စင်ကာပူမြို့ဟာ ဘာဖြစ်လို့ ဥယျာဉ်မြို့တော်ဖြစ်လာရတာလည်း
          စင်ကာပူမြေပုံကို ကောင်းကင်ပေါ်ကကြည့်ရင် ဂဏန်းပုံနဲ့ ဆင်ဆင်တူပါသတဲ့။  စင်ကာပူမြစ်ဟာ ဂဏန်းပုံရဲ့ ပါးစပ်ပေါက်ဖြစ်ပြီးတော့ မလေးရှားကို ကျောခိုင်းပြီး နေတဲ့ ပုံစံနဲ့ တူတယ်လို့ ဆိုပါတယ်။  ဂဏန်းဟင်းတွေ မြင်ဖူးကြမှာပါ။  ချက်ပြီးသား ဂဏန်းတွေက အနီရောင်သမ်းပါတယ်။  ဒါပေမယ့် ဂဏန်းအရှင်ကတော့ အစိမ်းရောင် သမ်းပါတယ်။  ဒါ့ကြောင့် စင်္ကာပူဟာ သစ်ပင်စိုက်ခြင်းအားဖြင့် ကျွန်းကို အပေါ်ယံကကြည့်လိုက်ရင် အနီရောင် မသမ်းတော့ပဲ အစိမ်းရောင် မြင်ရပါသတဲ့။ 

မြို့နယ်နှစ်ခုကို တည်ထောင်ခြင်း
          စင်္ကာပူ ၀န်ကြီးချုပ် လီကွမ်းယူးဟာ Tanjung Pagar ဆိုတဲ့ မြို့နယ်ကို တိုးတက်အောင် လုပ်နေချိန်မှာ ဂိုချောက်တောင် ကတော့ Marine Parade ကို တိုးတက်အောင်လုပ်ပါသတဲ့။  ဒီနေရာမှာ စောစောက စင်္ကာပူ မြေပုံကို ပြန်ပြီးတော့ ကြည့်လိုက်ရင်တော့ ဒီနေရာနှစ်ခုဟာ ဂဏန်းရဲ့ လက်မနေရာတွေမှာ ရှိပါတဲ့။  သိကြတဲ့အတိုင်း ဂဏန်းတစ်ကောင်မှာ လက်မနေရက သူတို့ရဲ့ အင်အားအကြီးမားဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။  ဒါ့ကြောင့် သူတို့နှစ်ယောက်ဟာ ဒီ မြို့နယ်နှစ်ခုကို တိုးတက်အောင် စတင် တည်ထောင်ကြပါသတဲ့။
Kallang River (ကလန်းမြစ်) ကို ဘာဖြစ်လို့ သန့်ရှင်းရတာလဲ
          ၁၉၈၀ စီပွားပျက်ကပ်ဖြစ်တုန်းက စင်ကာပူဟာလည်း အလူးအလဲ ခံခဲ့ရပါတယ်။  စင်ကာပူရဲ့ ဂဏန်းပုံ မြေပုံမှာတော့ Kallang မြစ်ဟာ ဂဏန်းရဲ့ ပါးစပ်ပေါက်နေရာနားမှာ ရှိပါသတဲ့။  အဲ့ဒီအချိန်မှာ ဒီ Kallang မြစ်ဟာလည်း ညစ်ပတ်နေလေတော့ ဂဏန်းရဲ့ ပါးစပ်ကို သန့်ရှင်းစေခြင်းသည် နိုင်ငံကို စီးပွားပျက်ကပ်က လွတ်မြောက်ပြီး ၀င်ငွေတွေ စီးဝင်လာစေတယ်လို့ ယူဆကြလို့ပါတဲ့။  

No comments:

Post a Comment